p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, 2 December 2012

ခရစ္စမတ်လက်ဆောင် ခြေအိတ်တစ်စုံ


ခရစ္စမတ်အကြိုည အချိန်ကည(၁၁)နာရီရှိနေခဲ့ပါပြီ။ ဆူညံလှုပ်ရှားတဲ့ လမ်းမထက်မှာ လူတွေတဖြည်းဖြည်း ကျဲလာခဲ့တယ်။ ရံဖန်ရံခါ အလောတကြီး အိမ်ပြန်ပြီး နှစ်သစ်ကိုကြိုဆိုကြမယ့်သူတချို့ကို နီယွန်မီးအောက်မှာ တွေ့နေရတယ်။ နှစ်သစ်တစ်နှစ် ရောက်လာခဲ့ပြန်ပါပြီ။

"ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒီကနေ့ ဈေးရောင်းရတာ သိပ်မဆိုးဘူး..."

အလုပ်များတဲ့နေ့တစ်နေ့မှာ နောက်ဆုံးဈေးဝယ်လာသူတစ်ယောက်ကို ဖိနပ်ဆိုင်အပြင်ဖက် ပို့ဆောင်ပြီးနောက် Mrs. Smith ရေရွတ်လိုက်တယ်။ Mrs. Smith တို့လင်မယားနှစ်ဦးရဲ့ မျက်နှာပေါ်က ဖုံးဖိမထားနိုင်တဲ့ လှုပ်ရှားပျော်ရွှင်တဲ့ အပြုံးကို လင်းထိန်တဲ့မီးရောင်အောက်မှာ အထင်းသားမြင်နေရတယ်။

ဆိုင်ပိတ်ချိန်ရောက်ပါပြီ။ Mrs. Smithက ဆိုင်တွင်းသန့်ရှင်းရေးကို အကျွမ်းတဝင် စလုပ်တယ်။ Mr. Smith က တံခါးပေါက်စီလျှောက်သွားပြီး မနက်ကထောင်ခဲ့တဲ့ ဆိုင်းပုဒ်ကို သိမ်းဖို့ပြင်တယ်။ ဖိနပ်မျိုးစုံထားတဲ့ မှန်ပြတင်းရှေ့အရောက် Mr. Smith ရုတ်တရက် ရပ်လိုက်မိတယ်။ မှန်ပြတင်းကနေဖြတ်ပြီး ကောင်လေးငယ်တစ်ယောက်ရဲ့ မျက်လုံးတစ်စုံကို သူတွေ့လိုက်မိတယ်။

Mr. Smithက မှန်ပြတင်းဘက် အမြန်လျှောက်သွားပြီး သေချာအောင် ထပ်ကြည့်တယ်။ အသက်(၈)နှစ်,(၉)နှစ်အရွယ် မီးသွေးကောက်တဲ့ ကောင်လေးတစ်ယောက်ကို သူတွေ့လိုက်မိတယ်။ အအေးဒဏ်ကြောင့် ထုံကျင်နေတဲ့ခြေထောက်မှာ မတော်မတန်တဲ့ ဖိနပ်ကြီးတစ်စုံကို ကောင်လေးစီးထားတယ်။ မီးသွေးမှုန့်တွေနဲ့ ညစ်ပတ်နေတဲ့ဖိနပ်ဟာ ရုပ်လုံးတောင်မပေါ်တော့ပါဘူး။ Mr. Smith လျှောက်လာတာကိုတွေ့တော့ ကောင်လေးဟာ မှန်ပြတင်းထဲက လှပတဲ့ဖိနပ်တွေကြည့်နေတဲ့အကြည့်ကို ဖိနပ်ဆိုင်ပိုင်ရှင် Mr. Smithဘက် လွှဲလိုက်တယ်။ သူ့မျက်လုံးထဲမှာ မရေရာတဲ့မျှော်လင့်ချက်တွေ ပြည့်နေတယ်။

Mr. Smithက ခါးကိုညွတ်ပြီး "မယ်ရီခရစ္စမတ်ပါ ကောင်ကလေး... အန်ကယ် ဘာများကူညီပေးရမလဲ?" လို့မေးတယ်။

Mr. Smithအမေးကို ကောင်လေးပြန်မဖြေခဲ့ဘူး။ သူ့မျက်လုံးတွေဟာ မှန်ပြတင်းထဲက ဖိနပ်ဘက်ဆီ ရွေ့သွားပြန်တယ်။ အချိန်အတော်ကြာမှ "ကျွန်တော့်ခြေထောက်နဲ့ တော်တန်တဲ့ ဖိနပ်တစ်စုံစွန့်ပေးဖို့ ဘုရားသခင်ဆီ ကျွန်တော်တောင်းဆိုနေပါတယ်။ ကျွန်တော့်တောင်းဆိုမှုကို ဘုရားသခင်ဆီရောက်အောင် ပေးပို့ပေးနိုင်မလား? အန်ကယ့်ကို ကျေးဇူးတင်ပါတယ်"

ဒီအချိန်မှာ ပစ္စည်းတွေသိမ်းနေတဲ့ Mrs. Smithလည်း သူတို့ဆီလျှောက်လာပြီး ကောင်လေးကို ခြေဆုံးခေါင်းဆုံး အကဲခတ်တယ်။ ပြီးတော့ Mr. Smithကို တစ်ဘက်ခေါ်သွားပြီး "ကောင်လေးကြည့်ရတာ သနားစရာလေးပါ။ သူတောင်းဆိုတာကို ဖြည့်ပေးလိုက်ပါ" လို့ပြောတယ်။

Mrs. Smithရဲ့အပြောကို Mr. Smithက ခေါင်းခါငြင်းဆန်ပြီး ပြောတယ်။

"မဟုတ်ဘူး.. သူလိုနေတာ ဖိနပ်တစ်စုံမဟုတ်ဘူး။ ဘီရိုထဲက အကောင်းဆုံး ခြေအိတ်တစ်စုံကို ထုတ်လိုက်ပါ။ ပြီးတော့ ရေနွေးတစ်ဇလုံယူခဲ့ပါ"

Mrs. Smithနားမလည်စွာနဲ့ နေရာကခွာခဲ့တယ်။ ကောင်လေးရဲ့အနားနား Mr. Smithအမြန်သွားပြီး ကောင်လေးကို ပြောလိုက်တယ်။

"ဝမ်းသာပါတယ်....ကောင်လေးငယ်.. မင်းတောင်းဆိုတာကို ဘုရားသခင်ဆီ အန်ကယ် အကြောင်းကြားလိုက်ပါပြီ။ ဘုရားသခင်က ချက်ချင်းအကြောင်းပြန်ပါလိမ့်မယ်"

အဲဒီအချိန်မှာ Mrs. Smith ရေနွေးတစ်ဇလုံနဲ့ ပြန်ရောက်လာတယ်။ Mr. Smithက ခုံပုလေးတစ်လုံးယူပြီး ကောင်လေးကို ထိုင်ခိုင်းလိုက်တယ်။ အဲဒီနောက် ကောင်လေးခြေထောက်က ဖုန်တွေနဲ့ပေရေနေတဲ့ ဖိနပ်ကိုချွတ်လိုက်ပြီး ထုံကျင်အေးခဲနေတဲ့ ကောင်လေးရဲ့ခြေထောက်ကို ရေနွေးထဲစိမ်ထည့်လိုက်တယ်။ ခြေထောက်ကို အသာအယာပွတ်သပ် ဆေးကျောပေးရင်း Mr. Smithက လေးလေးနက်နက်နဲ့ စကားစတယ်။

"ကောင်လေး.. တကယ်စိတ်မကောင်းဘူးကွာ... မင်းတောင်းဆိုတဲ့ ဖိနပ်တစ်စုံကို ဘုရားသခင်က မပေးဘူး။ ဘုရားသခင်ကပြောတယ်... မင်းကို ဖိနပ်တစ်စုံမပေးနိုင်ဘူး။ မင်းကို ခြေအိတ်တစ်စုံပဲ ပေးသင့်တယ်တဲ့"

ကောင်လေးရဲ့မျက်နှာပေါ်က အပြုံးဟာ Mr. Smith စကားကြောင့် ရုတ်တရက် တည်သွားခဲ့တယ်။ Mr. Smithက စကားကို အမြန်ဆက်ပြောပြန်တယ်။

"ဒါပေမယ့် စိတ်မပူနဲ့ ကောင်လေး။ အန်ကယ်ပြောတာကို သေချာနားထောင်... လူတိုင်းလူတိုင်း သူတို့ရင်ထဲက ဘုရားသခင်ဆီ တောင်းဆိုမှုတွေရှိကြတယ်။ ဒါပေမယ့် ဘုရားသခင်က လူတွေကို အဆင်သင့်ဖြစ်ပြီးတဲ့ အရာတွေကို မပေးဘူး။ ရွှေငွေရတနာ တောင်းဆိုတဲ့လူတွေကို ဘုရားသခင်က ဂေါ်ပြားနဲ့ မြေပုံစာရွက်ပဲ ပေးသလိုမျိုးပေါ့။ တကယ့်ရွှေငွေရတနာကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ်တိုင်တူးဖော်ရတယ်။ အဓိက,က ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို လက်ကိုင်ထားရတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှ အနာဂတ်က လင်းလက်မယ်"

"အန်ကယ်လိုပေါ့... အန်ကယ် ငယ်ငယ်တုန်းက ဘုရားသခင်ဆီ ဖိနပ်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ရဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဘုရားသခင်က အန်ကယ့်ကို ဖိနပ်ပြင်တဲ့ပစ္စည်းတစ်စုံပဲ ပေးခဲ့တယ်။ အဲဒီပစ္စည်းတွေကို ကောင်းကောင်းအသုံးချရင် အရာရာကို ပိုင်ဆိုင်နိုင်မယ်လို့ အန်ကယ်ယုံကြည်ခဲ့တယ်။ အနှစ်(၂ဝ)အတွင်းမှာ ဖိနပ်တိုက်တဲ့အလုပ်ကို အန်ကယ်လုပ်ခဲ့တယ်။ ဖိနပ်ပြင်တဲ့ တပည့်၊ အလုပ်သမား၊ ဖိနပ် ဒီဇိုင်းဆွဲသူ... အစရှိတာတွေ လုပ်ခဲ့တယ်။ အခုချိန်မှာ ဒီလမ်းပေါ်က အကောင်းဆုံးဖိနပ်ဆိုင်ကို အန်ကယ်ပိုင်ဆိုင်ခဲ့ရုံမက လှပတဲ့ဇနီးမယားတစ်ဦးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်စုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ကောင်လေး.. မင်းလည်းအဲဒီလိုပဲ... ဒီခြေအိတ်တစ်စုံကိုယူပြီး မင်းစိတ်ကူးအိပ်မက်ထဲက ဖိနပ်ကိုလိုက်ရှာပါ။ နောက်ပြန်မလှည့်နဲ့.. ဘယ်တော့မှ လက်မလွတ်နဲ့။ ဒါမှ တစ်နေ့နေ့မှာ မင်းလည်းအသေအချာကို အောင်မြင်ပါလိမ့်မယ်"

ခြေထောက်ဆေးပြီးနောက် Mr.Smithတို့ဇနီးမောင်နှံလက်ထဲကနေ "ဘုရားသခင်"ပေးတဲ့လက်ဆောင် ခြေအိတ်တစ်စုံကို ကောင်လေးလှမ်းယူလိုက်တယ်။ တာဝန်တစ်ခုကို လွှဲပြောင်းယူလိုက်သလိုမျိုး လှမ်းယူလိုက်ပြီး ဆိုင်ထဲကနေ ထွက်သွားခဲ့တယ်။ ခြေလှမ်းအနည်းငယ်လှမ်းပြီး ဖိနပ်ဆိုင်ကို သူနောက်ပြန်တစ်ချက် လှည့်ကြည့်တယ်။ Mr.Smithတို့ဇနီးမောင်နှံနှစ်ဦး သူ့ကိုလက်ပြရင်း "ဘုရားသခင်ရဲ့ စကားကို သေသေချာချာ မှတ်ထားပါ ကောင်လေး.. တစ်နေ့ မင်းအောင်မြင်မှာပါ။ မင်းရဲ့ကောင်းသတင်းကို ငါတို့စောင့်မျှော်နေမယ်" လို့ပြောတယ်။ သူတို့ကို ကောင်လေးခေါင်းညိတ်ပြရင်း ခြေလှမ်းကျဲကျဲနဲ့ ညအမှောင်ထဲဝင်ရောက် ပျောက်ကွယ်သွားခဲ့တယ်။

လျှပ်တစ်ပြက်အတွင်းမှာ အနှစ်(၄ဝ)ကျော်က မြန်မြန်ဆန်ဆန် ကုန်လွန်သွားခဲ့တယ်။ ခရစ္စမတ်ရာသီကို ရောက်လာခဲ့ပြန်ပါတယ်။ Mr.Smith မနက်စောစော တံခါးဖွင့်တာနဲ့ သူစိမ်းတစ်ယောက်ရဲ့စာတစ်စောင်ကို လက်ခံရလိုက်တယ်။ စာအိတ်ကိုဖွင့်ကြည့်တော့ စာထဲမှာ ရေးထားတာက....

"လေးစားရပါတဲ့ အန်ကယ်နဲ့အန်တီ

လွန်ခဲ့တဲ့နှစ်(၄ဝ)ကျော်က ခရစ္စမတ်အကြိုညမှာတွေ့ခဲ့တဲ့ မီးသွေးကောက်ကောင်လေးတစ်ယောက်ကို မှတ်မိသေးပါရဲ့လား? အဲဒီတုန်းက ဘုရားသခင်ဆီ ဖိနပ်တစ်စုံသူတောင်းဆိုခဲ့ပေမယ့် ဘုရားသခင်က သူ့ကို ဖိနပ်မပေးခဲ့ဘဲ ရွှေထက်အဖိုးတန်တဲ့ စကားတွေနဲ့ ခြေအိတ်တစ်စုံကို စွန့်ခဲ့တယ်။ အဲဒီခြေအိတ်တစ်စုံက သူ့ရဲ့ယုံကြည်မှုနဲ့ အညံမခံတဲ့စိတ်ကို နှိုးဆွခဲ့တယ်။ ဒီလိုကူညီမှုက တခြားကိုယ်ချင်းစာတဲ့အကူအညီထက် ပိုအရေးပါခဲ့ပါတယ်။ ခြေအိတ်တစ်စုံပေးပြီး စိတ်ကူးအိပ်မက်ထဲက ဖိနပ်ကိုလိုက်ရှာစေခဲ့တဲ့ အန်ကယ်တို့ရဲ့အသိပညာက ကြီးမြတ်လွန်းလှပါတယ်။

တကယ်ပဲ ကျေးဇူးတင်ပါတယ်။ သဘောကောင်းပြီး အသိကြွယ်တဲ့ အန်ကယ်နဲ့အန်တီရေ.. အန်ကယ်တို့ပေးတဲ့ ခြေအိတ်နဲ့ သူ့အတွက် တန်ဖိုးအရှိဆုံးဖြစ်တဲ့ ဖိနပ်တစ်စုံကို သူရှာတွေ့ခဲ့ပါပြီ။ သူ အမေရိကန်သမ္မတ ဖြစ်နေခဲ့ပါပြီ။ ကျွန်တော်က အဲဒီမီးသွေးကောက်တဲ့ ကောင်လေးပဲဖြစ်ပါတယ်"

စာရဲ့အဆုံး အောက်မှာ "Abraham Lincoln" လို့ လက်မှတ်ရေးထိုးထားပါတယ်။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ