p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 3 December 2012

ဒေါသစိတ်ကို ဘယ်လိုထိန်းချုပ်မလဲ?


တချို့ခံစားချက်တွေဟာ ထွက်ပေါက်ပေးပြီးနောက် ဝေဒနာအဖြစ် မကျန်ရစ်ခဲ့ဘူး။ အဲဒီခံစားချက်တွေက ရယ်မောခြင်း၊ ဝမ်းသာခြင်း၊ ကျေနပ်ခြင်းတွေဖြစ်တယ်။ တချို့ခံစားချက်က ထွက်ပေါက်ပေးပြီးနောက် ဝေဒနာအဖြစ် ရင်မှာကျန်ရစ်ခဲ့တတ်တယ်။ အဲဒီခံစားချက်တွေက စိတ်တိုခြင်း၊ ဒေါသထွက်ခြင်း၊ ကြမ်းတမ်းခြင်းတွေဖြစ်တယ်။

"ကိုယ်ချင်းစာစိတ်မရှိဘူး"
"တိရစ္ဆာန်ထက်တောင် ဆိုးတယ်"
"အသုံးမကျဘူး"
"ကိုယ်ကျိုးပဲကြည့်တယ်"
စတဲ့ အပြစ်ဆိုကျိန်ဆဲမှုတွေကို သင်ကြားတဲ့အခါ ဘယ်လိုခံစားရသလဲ?
ဒေါသထွက်တဲ့အခါ သင်လည်း အဲဒီလို ကျိန်ဆဲတတ်သလား?
လူဆိုတာ ခံစားချက်ရှိတဲ့ သတ္တဝါတွေမို့ စိတ်တိုဒေါသထွက်တတ်ပါတယ်။ စိတ်တိုဒေါသထွက်တဲ့အခါ အဲဒီခံစားချက်ကို သင်အလျင်အမြန် ထိန်းချုပ်နိုင်သလား? ဒါမှမဟုတ် စိတ်တိုဒေါသထွက်ပြီးနောက် ကျိန်ဆဲ၊ ထိခိုက်ခဲ့တဲ့စကားလုံးတွေကို ဘယ်လိုပြန်ဖာထေးရမလဲလို့ တွေးတောပြီး စိတ်ရှုပ်ခဲ့သလား?

စိတ်တို၊ ဒေါသထွက်တဲ့လူတစ်ယောက်ဟာ အသိပြန်ဝင်လာတဲ့အခါ အဲဒီဒေါသတွေကို ကိုယ့်ကိုယ်ပေါ် ပြန်ပုံချတတ်တယ်။ ဘဏ်တွေမှာ ငွေစုရင်း အတိုးရသလိုမျိုး ရင်ထဲကဒေါသတွေဟာလည်း နာကျင်ခြင်းအဖြစ် စုပုံအတိုးချတတ်တယ်။ စိတ်တိုဒေါသထွက်တဲ့အခါ ကိုယ့်ရဲ့ဒေါသစိတ်ကို ကျွန်တော်တို့ အကဲခတ်တတ်ရပါမယ်။ ဒေါသစိတ်ကို စိတ်နေသဘောထားတစ်မျိုးလို့ သတ်မှတ်ပြီး ကိုယ့်ကိုဒေါသထွက်စေတဲ့ အရာဝတ္ထု၊ လူတွေနား မချည်းကပ်ရပါဘူး။ ဒေါသထွက်တဲ့အခါ ကိုယ့်စိတ်၊ ကိုယ်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတတ်ရပါမယ်။ ဘာဖြစ်လို့ စိတ်တိုသလဲ? ဘာကြောင့်ဒေါသထွက်ရသလဲ? မပြတ်အကဲခတ်ကြည့်မှ ကိုယ့်ကိုကိုယ် ပိုထိန်းချုပ်နိုင်ဖို့ ယုံကြည်မှုရစေပါတယ်။ ဒါမှ တုံးအတဲ့အပြုအမှု၊ အသိဉာဏ်မဲ့တဲ့ လုပ်ရပ်တွေကို မလုပ်မိမှာဖြစ်တယ်။

တစ်ခါက ကုသိုလ်ကောင်းမှုတွေ အမြဲလုပ်တဲ့ သူဌေးမတစ်ဦးရှိတယ်။ သူဌေးမဆီမှာ ရိုးသားကြိုးစားတဲ့ အိမ်ဖော်ကောင်မလေးတစ်ယောက်ရှိတယ်။ တစ်နေ့မှာ အိမ်ဖော်ကောင်မလေးဟာ ကောင်းမှုကုသိုလ်တွေနဲ့ သတင်းမွှေးတဲ့ သူဌေးမရဲ့စိတ်ကို စမ်းသပ်ချင်လာခဲ့တယ်။ သူဌေးမဟာ တကယ့်စိတ်နှလုံးကောင်းသူလား? ဒါမှမဟုတ် ချမ်းသာတဲ့ငွေကြေးနဲ့ လှူဒါန်းနေတာတွေဟာ အပေါ်ယံဟန်ဆောင်မှုလားဆိုတာကို သူသိချင်ခဲ့တယ်။

အဲဒီလိုနဲ့ အိမ်ဖော်ကောင်မလေးဟာ နှစ်ရက်ဆက်တိုင်း နေ့လယ်မှအိပ်ရာထတယ်။ ဒါကို သူဌေးမက စိတ်တိုဒေါသထွက်ပြီး သူ့ကိုရိုက်နှက်ခဲ့တယ်။ ဒီအဖြစ်အပျက်ဟာ တစ်ယောက်နား တစ်ယောက်ပေါက်ကြားပြီး သူဌေးမရဲ့ သတင်းမွှေးတဲ့နာမည် ပျက်ခံခဲ့ရသလို ရိုးသားသစ္စာရှိတဲ့ အိမ်ဖော်တစ်ယောက်ကိုပါ သူဆုံးရှုံးခဲ့ရတယ်။

ဒေါသကို ခံစားချက်နဲ့ထပ်နှိုးဆွလိုက်ရင် ဒေါသမီးဟာ လောင်လေကြီးလေဖြစ်တတ်တယ်။ အထူးသဖြင့် ခံစားချက်ရဲ့နောက်မှာ အလိုဆန္ဒရဲ့ဆိုးသွမ်းခြင်းတွေ ကပ်ပါလာတတ်တယ်။ ဒေါသထွက်နေသူ တစ်ယောက်ဟာ အသိဉာဏ်မဲ့ပြီး တစ်ခြားသူကို ထိခိုက်စေတဲ့၊ ကိုယ့်ကိုကိုယ် ထိခိုက်စေတဲ့ အန္တရာယ်ကောင်အဖြစ် ပြောင်းလဲသွားတတ်တယ်။ စိတ်တိုဒေါသထွက်ခြင်းက ကိုယ့်ရဲ့နာမည်၊ အလုပ်အကိုင်၊ သူငယ်ချင်း၊ ကိုယ်ချစ်တဲ့လူတွေကိုပါ ဆုံးရှုံးနစ်နာစေပါတယ်။ စိတ်ရဲ့တည်ငြိမ်ခြင်း၊ ကျန်းမာရေး အပြင် ကိုယ့်ကိုကိုယ်ပါ ဆုံးရှုံးစေပါတယ်။ ဒေါသစိတ်ဟာ အကျည်းတန်သူပါ။ လူကို ပျက်စီးစေတဲ့ခံစားချက်တွေ ပေးတဲ့အပြင် လူ့စိတ်၊ လူ့ဘဝကိုပါ ကြိုးကိုင်ခြယ်လှယ်ပါတယ်။

ဒေါသစိတ်ရဲ့ပြင်းအားဟာ တစ်ခါတလေမှာ ကျွန်တော်တို့တွေးတောထားတာထက် ပိုနေတတ်ပါတယ်။ ကျွန်တော်တို့ကြောင့် သူတစ်ပါးထိခိုက်သွားတယ်။ ဒါမှမဟုတ် သူတစ်ပါးကြောင့် ကျွန်တော်တို့ထိခိုက်သွားခါမှ ဒေါသစိတ်ဟာ ကြောက်စရာကောင်းမှန်းကို ကျွန်တော်တို့ သတိထားမိတတ်ကြတယ်။ ဒါပေမယ့် ဒါဟာ အရမ်းနှောင်းသွားခဲ့ပါပြီ။ ပိုကြောက်ဖို့ကောင်းတာက ဒေါသစိတ်ဆိုတဲ့ ခံစားဟာ သူတစ်ဦးတည်း ထီးထီးမနေဘဲ တခြားအပျက်သဘော(negative)ဆောင်တဲ့ ခံစားချက်တွေကိုပါ နှိုးဆွတတ်ပါတယ်။

ချောင်းထဲက ငါးပူတင်းလေးတစ်ကောင်ဟာ တံတားအောက်မှာ ဖြတ်သွားဖြတ်လား ကူးခတ်နေရတာကို နှစ်သက်တယ်။ တစ်ခါတော့ ကူးခတ်ရင်း မတော်တဆ တံတားဘောင်နဲ့ သူတိုက်မိခဲ့တယ်။ ငါးကလေးဟာ စိတ်တိုတိုနဲ့ နေရာကမခွာခဲ့ဘူး။ တံတားကို သူစိတ်တိုတယ်။ ရေစီးကြောင်းကို သူစိတ်တိုတယ်။ သူ့ကိုယ်သူ ဘာကြောင့်တိုက်မိရသလဲဆိုပြီး စိတ်တိုတယ်။ အဲဒီလိုနဲ့ ငါးကလေးဟာ စိတ်တိုတိုနဲ့ ဆူးတောင်တွေကိုဖြန့်ပြီး တံတားဘောင်ကို အားနဲ့ဝင်တိုက်ထည့်လိုက်တယ်။ အဲဒီမှာ အားနဲ့ရေပေါ်ကို သူရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ငှက်တစ်ကောင်က သူ့ခန္ဓာကိုယ် ပုပုလုံးလုံးလေးကို သုတ်ခနဲ့ဖမ်းယူပြီး မြိုချပစ်လိုက်တော့တယ်။

တကယ်လို့ ငါးပူတင်းလေးသာ ဒေါသစိတ်ကို ထိန်းနိုင်ခဲ့ရင်၊ တံတားအနီးကနေ သူခွာခဲ့ရင် သူ့ဘဝကို သူဆုံးရှုံးခဲ့မှာ မဟုတ်ဘူး။ ဒေါသစိတ်ဟာ ကြောက်စရာကောင်းမှန်းသိရင် အဲဒီဒေါသစိတ် မပေါက်ကွဲအောင် ထိန်းချုပ်တတ်ရတယ်။ ကိုယ်ခံစားချက်ကို ပြင်ဆင်ပြီး မပေါက်ကွဲခင် အဲဒီဒေါသစိတ်ကို အကဲခတ်တတ်ရမယ်၊ ထိန်းချုပ်တတ်ရမယ်၊ ဖြေရှင်းပြောင်းလဲပစ်တတ်ရမယ်။ ဒီလိုလုပ်ဖို့ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ဒါတွေကို အလေးထားလုပ်ခဲ့ရင် ဒေါသစိတ်ဟာ ထပ်ပေါက်ကွဲလာနိုင်မှာ မဟုတ်ပါဘူး။

ထိန်းချုပ်ရခက်တဲ့ ဒေါသစိတ်ဟာ လူ့စိတ်၊ လူ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။ တကယ်တော့ တခြားခံစားချက်တွေလို ဒေါသစိတ်ကိုလည်း ထိန်းချုပ်လို့ ရနိုင်ပါတယ်။ စိတ်တိုဒေါသထွက်တဲ့အခါ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ဖို့ အောက်ကအချက်တွေနဲ့ အကြံပြုချင်ပါတယ်။

(၁) အကျင့်သိက္ခာရှိတာဟာ ဒေါသစိတ်ကို ထိန်းချုပ်စေတဲ့ အခြေခံဖြစ်တယ်။ အကျင့်သိက္ခာရှိသူဟာ ယဉ်ကျေးသိမ်မွေ့တယ်။ စိတ်သဘောထားပြည့်ဝတယ်။ အကျင့်သိက္ခာမရှိသူက စိတ်အပြောင်းအလဲများတယ်။ ကြမ်းတမ်းတဲ့စကားကို ဆိုတယ်။ နောက်ဖြစ်လာမယ့် အကျိုးဆက်ကို မမျှော်မှန်းသူဖြစ်တယ်။ မီးလောင်ရာ လေပင့်သူဖြစ်တယ်။ ဒါကြောင့် ကောင်းမွန်တဲ့အကျင့်သိက္ခာကို မွေးမြူတာဟာ ဒေါသစိတ်ကို ထိန်းချုပ်တဲ့အခြေခံနည်းဖြစ်တယ်။

(၂) ရှောင်လွဲတာဟာ ဒေါသစိတ်ကို ထိန်းချုပ်တဲ့ဆေးဖြစ်တယ်။ ဒေါသထွက်ချိန်မှာ ထိပ်တိုက်ပေါက်ကွဲတာတွေ မဖြစ်အောင် ရှောင်လွဲတတ်ရမယ်။ ဥပမာ-- လမ်းထွက်လျှောက်မယ်။ စာအုပ်ဖတ်မယ်။ သီချင်းနားထောင်မယ်။ ဘောလုံးကန်မယ်။ ချက်ထိုးမယ် စတဲ့ ပေါ့ပါးတဲ့အလုပ်ကိုလုပ်ပြီး ဖြစ်နေတဲ့ဒေါသစိတ်ကို ငြိမ်ကျအောင် ပြုလုပ်တာဖြစ်တယ်။

(၃) ကိုယ့်ကိုကိုယ် ထိန်းချုပ်တာဟာ ဒေါသစိတ်ကို ထိန်းချုပ်တဲ့ရှေ့ပြေးဖြစ်တယ်။ ကိုယ့်ကိုကိုယ်ထိန်းချုပ်တာဟာ စိတ်တိုဒေါသဖြစ်နေတဲ့ ခံစားချက်ကို ထိန်းချုပ်တာဖြစ်တယ်။

(၄) စွမ်းရည်မြှင့်တင်တာဟာ ဒေါသစိတ်ကိုထိန်းချုပ်တဲ့ အဓိကအချက်ဖြစ်တယ်။ ဒေါသစိတ်ကို ဘဝရဲ့ခွန်အားအဖြစ် ပြောင်းလဲတာဖြစ်တယ်။ တရုတ်စစ်သူကြီး Sun Binဟာ ပြစ်ဒဏ်ကျစဉ် စိတ်တိုဒေါသထွက်ပြီး "Sun Bin စစ်ပညာ"ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တယ်။ စိတ်တိုဒေါသထွက်တဲ့အခါ အဲဒီဒေါသမီးကို အသိဉာဏ်နဲ့ ငြိမ်းသတ်ပြီး ခွန်အားအဖြစ်ပြောင်းလဲ မြှင့်တင်တာဖြစ်တယ်။

(၅) ဆိတ်ဆိတ်နေတာဟာ ဒေါသစိတ်ကို ထိန်းချုပ်တဲ့မူဝါဒဖြစ်တယ်။ ဒေါသထွက်ချိန် စကားလျော့ပြောမယ်၊ ဒါမှမဟုတ် စကားမပြောဘဲ ဆိတ်ဆိတ်နေတာဟာ ဦးနှောက်ကို ငြိမ်းအေးစေတဲ့နည်း၊ ဒေါသကိုထိန်းချုပ်တဲ့နည်းဖြစ်တယ်။ သူတစ်ပါးနဲ့ရန်ဖြစ်ပြီး ဒေါသတွေ ထပေါက်လာခါနီး အချိန်မီ မထိန်းချုပ်နိုင်ခဲ့ရင် ဒေါသတွေဟာ တာပေါက်တဲ့ရေနီတွေလို၊ ဒုန်းစိုင်းတဲ့မြင်းရိုင်းတွေလို ကိုယ့်စိတ်ထဲ တိုးဝင်လာပြီး ဆိုးကျိုးတွေဖြစ်စေပါတယ်။ တခဏလောက် ဆိတ်ဆိတ်နေပြီး ကိုယ့်ဒေါသရဲ့ဦးခေါင်း ဒါမှမဟုတ် တစ်ဘက်လူရဲ့ ဒေါသဦးခေါင်းကို ချိုးညွတ်နိုင်ခဲ့ရင် လေငြိမ်လှိုင်းစဲပြီး ရေပြင်ဟာ ကြည်လင်နေပါလိမ့်မယ်။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ