p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday 11 December 2012

အချစ်ဆိုတာ......


"ငါတို့ လမ်းခွဲကြရအောင်"
 ကောင်မလေးက စိတ်ကိုတင်းပြီးပြောတယ်။


"ဘာဖြစ်လို့လဲ?" ကောင်လေးက နားမလည်စွာနဲ့မေးတယ်။

"ပင်ပန်းပြီ.. မောပြီဆိုမှတော့ အကြောင်းပြချက် မလိုတော့ဘူးထင်တယ်"
 ကောင်မလေးစကားကို ကောင်လေးက ဘာမှပြန်မပြောဘဲ ဆေးလိပ်ကို တဖွာပြီးတဖွာ ဖွာနေတယ်။

"မသွားပါနဲ့.. ခွဲမသွားနဲ့လို့တောင် ရင်ဖွင့်ပြီး မတားမြစ်တတ်တဲ့ချစ်သူက ငါ့အတွက် ဘာအပျော်တွေများ သယ်ဆောင်ပေးနိုင်ဦးမလဲ?" ကောင်မလေးရဲ့စိတ်တွေ အေးစက်လာသလို ခံစားမိတယ်။

တအောင့်ကြာမှ ကောင်လေးစကားစတယ်။
"ငါဘယ်လိုလုပ်မှ ငါ့ကို နင်ခွဲမသွားမှာလဲ?"

"နင့်ကို ငါမေးခွန်းတစ်ခုမေးမယ်။ တကယ်လို့ နင်ဖြေတဲ့အဖြေက ငါ့စိတ်ထဲတွေးထင်ထားတဲ့ အဖြေနဲ့တူခဲ့ရင် နင့်ကိုငါ ခွဲမသွားဘူး။ ဥပမာ- ချောက်ကမ်းပါးစွန်းမှာရှိတဲ့ ပန်းတစ်ပွင့်ကို ငါအရမ်းကြိုက်တယ်။ အဲဒီပန်းကို ခူးရင် ချောက်ထဲပြုတ်ကျပြီး သေကိုသေရမယ်။ ငါ့အတွက် နင်ခူးပေးရဲလား?"

"အင်း... နင့်ကို မနက်ကျမှ ငါအဖြေပေးမယ်"

ကောင်မလေးရဲ့စိတ်တွေ ရေခဲမှတ်ထိအောင် အေးခဲသွားခဲ့တယ်။

မနက်လင်းလာတော့ ကောင်လေးရှိမနေတော့ဘူး။ စားပွဲခုံပေါ်မှာ နွားနို့ပူပူတစ်ခွက်နဲ့ ခွက်နဲ့ဖိထားတဲ့ စာရွက်တစ်ရွက်ကို ကောင်မလေးတွေ့လိုက်တယ်။ စာရွက်ကိုယူပြီး ကောင်မလေးကြည့်လိုက်တယ်။

"ကောင်မလေး....
အဲဒီပန်းကို ငါသွားခူးမှာ မဟုတ်ဘူး။ သွားမခူးတဲ့အကြောင်း ငါ့ကိုရှင်းပြခွင့်ပေးပါ။

(၁)
နင်က ကွန်ပြူတာနဲ့ စာတွေပဲရိုက်တတ်တယ်။ စက်ထဲက ဒေတာတချို့ ပျက်သွားခဲ့ရင် နင်က ကီးဘုတ်ပေါ်မှောက်ပြီး ငိုဖို့ပဲသိတယ်။ ဒါကြောင့် ဒေတာတွေပြင်ဖို့ ငါ့လက်ညှိုးတွေ နင့်အတွက်ချန်ထားပါရစေ။

(၂)
အပြင်ထွက်တိုင်း နင်သော့မေ့တတ်တယ်။ ဒါကြောင့် သော့ပြန်လာပေးဖို့ ငါ့ခြေထောက်တွေ နင့်အတွက်ချန်ထားပါရစေ။

(၃)
လျှောက်လည်ရတာကို နင်ကြိုက်တယ်။ ပြီးတော့ နင်မကြာခဏ လမ်းမှားတယ်။ ဒါကြောင့် နင်လမ်းမပျောက်ဖို့ ငါ့မျက်စိတွေ နင့်အတွက်ချန်ထားပါရစေ။

(၄)
လစဉ် မိန်းမသဘာဝဖြစ်တိုင်း ကိုယ်တွေအေးစက်ပြီး နင်ဗိုက်နာတတ်တယ်။ ဒါကြောင့် နင့်ကိုယ်နဲ့ ဗိုက်လေးနွေးထွေးအောင် ပွတ်သပ်ပေးဖို့ ငါ့လက်ဖဝါးတွေ နင့်အတွက်ချန်ထားပါရစေ။

(၅)
နင့်မှာ သူငယ်ချင်း အပေါင်းအသင်းနည်းတယ်။ အထီးကျန်တဲ့ဝေဒနာမျိုး နင်ခံစားရမှာစိုးတယ်။ ဒါကြောင့် နင်မပျင်းမရိ စကားပြောဖော်ရဖို့ ငါ့ပါးစပ်ကို နင့်အတွက်ချန်ထားပါရစေ။

(၆)
နင်က ကွန်ပြူတာရှေ့မှာ အမြဲရှိတယ်။ ကွန်ပြူတာအလင်းကြောင့် မျက်စိတွေလဲ တော်တော်ထိခိုက်ခဲ့ပြီ။ ဒါကြောင့် နင့်အတွက် ငါကောင်းကောင်း အသက်ရှင်ရမယ်။ နင်အိုလာတဲ့အခါ နင့်ကို လက်သည်းညှပ်ပေးမယ်၊ ဆံပင်ဖြူတွေ နုတ်ပေးမယ်။ နင့်လက်ကို အမြဲတွဲထားမယ်။ ပင်လယ်ဘေးက သောင်ကမ်းစပ်မှာ လမ်းလျှောက်ကြမယ်။ ရောင်စုံပန်းတစ်ပွင့်ချင်းစီက လှပတဲ့နင့်မျက်နှာနဲ့တူကြောင်း ပြောပြမယ်။

ဒါကြောင့် ငါ့ထက် နင့်ကိုချစ်မယ့်သူ နင်မတွေ့မချင်း အဲဒီချောက်ကမ်းပါးထိပ်မှာ ပေါက်နေတဲ့ပန်းကို ငါသွားမခူးချင်ဘူး"

ကောင်မလေးရဲ့မျက်ရည်တွေ စာရွက်ပေါ် တစ်ချက်ချင်းစီးကျလာခဲ့တယ်။ မျက်စိကို တစ်ချက်ပွတ်ပြီး ကောင်မလေးဆက်ဖတ်ပြန်တယ်။

"ကောင်မလေး....
ဒီစာကိုဖတ်ပြီးသွားရင်၊ ငါ့အဖြေကို နင်ကျေနပ်သွားရင် ငါ့ကိုတံခါးဖွင့်ပေးပါနော်။ ငါအခု တံခါးအပြင်ဖက် ရောက်နေတယ်။ နင်သိပ်ကြိုက်တဲ့ နွားနို့ပေါင်မုန့် ငါဝယ်ခဲ့တယ်"

တံခါးကို ကောင်မလေး အမြန်ဆွဲဖွင့်လိုက်တယ်။ စိတ်လှုပ်ရှားနေတဲ့ ကလေးငယ်တစ်ယောက်လို ကောင်လေးက တံခါးအပြင်ဖက်ကနေ ကောင်မလေးကို လက်ဝေ့ယမ်းပြနေခဲ့တယ်။

ဒါကပဲ အချစ် ဒါမှမဟုတ် ဘဝပဲဖြစ်မယ်ထင်ပါတယ်။
အေးဆေးတည်ငြိမ်တဲ့အချစ်တွေက ပျော်ရွှင်ခြင်းတွေနဲ့ ပတ်လည်ဝန်းခံရတဲ့အခါ ပြင်းပြတဲ့ဆန္ဒနဲ့ပိုစိတ်ကူးယဉ်ဆန်တာတွေကို တောင့်တလာတတ်တယ်။

တစ်ဖက်သားရဲ့ သာမန်အပြုအမှုနဲ့ အမှုအရာလေးကိုကြည့်ပြီး ချစ်တယ်၊ မချစ်ဘူးလို့ သတ်မှတ်လို့မရဘူး။ အချစ်မှာ တသတ်မှတ်တည်းသတ်မှတ်ဖို့ ပုံသေနည်းမရှိပါဘူး။

အချစ်ဟာ ပန်းတစ်ပွင့်လည်းဖြစ်နိုင်တယ်။
မနက်ခင်းမှာ နိုးထစေတဲ့ အနမ်းတစ်ပွင့်လည်းဖြစ်နိုင်တယ်။
စိတ်အားငယ်ချိန်မှာ မှီခိုနိုင်တဲ့ ပုခုံးတစ်စုံလည်းဖြစ်နိုင်တယ်။
အချစ်ကို ခံစားနားလည်တတ်ဖို့ပဲ လိုပါတယ်.....

1 comment:

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ